သာမန်အားဖြင့် ဆိုလျှင်တော့ နာရီတလုံးကိုသူမမုန်းတတ်ပါ။သို့သော်ဤကစ္စမှာတော့
လွန်လွန်းသည်။
သူဤအမ်သို့ပြောင်းလာခါစကတော့ နာရီပြင်ဆရာနှင့် အိမ်ချင်းကပ်လျှက် ဖြစ်သော
ကြောင့် ဝမ်းသာကျေနပ်ခဲ့၏ ။သူ့မှာ မကြာခဏပျက်တက်သော စားပွဲတင် နာရီတလုံး ရှိသောကြောင့်
ဖြစ်သည်။နောက်ပြီးနာရီပြင်ဆရာ၏ ဂုဏ်သိက္ခာကိုလည်း သူသဘောကျသေူကြောင့်ဖြစ်သည်။နာရီ
ပြင်ဆရာသည် ဘဝတွင် နာရီပြင်ခြင်းနှင့် ဘုရားရှိခိုး တရားစာရွတ်ခြင်းမှတပါး မည်သည့်အလုပ်မျှ
မလုပ်သူ ဖြစ်လိမ့်မည်။သူရောက်သွားတိုင်း နာရီတခုခုကို ကိုင်တွယ်ပြင်ဆင်လျှက်သာ သို့မဟုတ်သား
ရေဖုန်း ဘာသာရေးစာအုပ် တခုခုကို ဖတ်လျှက်သာတွေ့ရသည်။
နာရီပြင်ဆရာက ပြဿနာ မဖြစ်ပါ။သူ့နာရီများကသာ ပြဿနာ ဖြစ်နေ၏ ။
နာရီပြင်ဆရာ၏အိမ်တွင် စားပွဲတင်နာရီမျိုးစုံ၊ တိုင်ကပ်နာရီမျိုးစုံ ရှိသည်မှာ သဘာဝ
ကျသော ဖြစ်ရပ်တခုဟု သူလက်ခံသည်။သို့သော် သူ့အိမ်နှင့် နာရီပြင်ဆရာအိမ်မှာ ခြံစည်းရိုးတလွှာ
သာခြားလျက် ဟိုဘက်ဒီဘက် ကပ်နေသည်က ဘယ်လိုမှ ပြင်ဆင်၍ မရသော တည်ရှိမှုတခုဖြစ်သည်။
ထိုတည်ရှိမှုကြောင့် ဖြစ်ပေါ်လာသော သူ့ဒုက္ခမှာ သူအိပ်ရေးပျက်ခြင်းပင်ဖြစ်သည်။
ဟိုဘက်အိမ်ကနာရီများသည် သူ့ကိုအကြီးအကျယ်တော့ အနှေက်အယှက်မပေးကြပါ။
သို့သော် နာရီသံမျိုးစုံကြားနေရခြင်းသည် နှစ်သုံးဆယ်ကျော်ဒုက္ခပေးခဲ့သော(သူ့မိန်းမ)၏ဟောက်သံ
ထက်ပင် နှောက်ယှက်လေ့ရှိသည်။ထရံတချပ်စီသာ ကာရံထားသောကြောင့် ဟိုဘက်အိမ်မှနာရီသံ
များသည် သူ့အိမ်ထဲသို့ အဆီးအတားမရှိ ဝင်ရောက်လာ၏ ။
ရောက်ခါစ တုန်းကဆိုလျှင် လေးငါးညခန့် အိပ်ရာမှ နိုးနိုးလာတတ်၏ ။နာရီများသည်
တစ်ပြိုင်တည်း မမြည်ကြပဲ တစ်မိနစ် သို့မဟုတ် မိနစ်ဝက်ခြားပြီးမြည်ကြ သဖြင့် နာရီခုနှစ်လုံး၊ ရှစ်
လုံး၏ ဆက်တိုက်မြည်သံမှာ အသံရှည်ကြီးဖြစ်နေတော့သည်။ သူညာဏ်မီသလောက် စဉ်းစားကြည့်
သမျှတော့ နာရီတွေ အချိန်မှန်လျှင် ပြိုင်တူမြည်ကြလျှင် အကြားအာရုံကို ခဏပဲနှောက်ယှက်ပေ
လိမ့်မည်။ဤကိစ္စနှင့် ပက်သက်၍ သူဆွေးနွေးကြည့်ဘူးသည်။
“ခဗျားနာရီတွေက ပြင်လက်စမို့နဲ့ တူတယ်၊ မိနစ်နဲနဲ ခြားပြီး ထိုးနေကြတယ်ဗျ။ဒါဟာ
နာရီမမှန်တဲ့ သဘောမဟုတ်လား၊တကယ်လို့ စံတော်ချိန်နဲ့သာ ကိုက်ညီရင်.”
“မဟုတ်သေးဘူးဗျ၊ ကျုပ်အနေနဲ့ ဘယ်နာရီကဘယ်လောက်အလုပ်လုပ်တယ်ဆိုတာ
သိဘို့လိုတယ်။ကျုပ်နာရီတွေရဲ့ ထိုးသံကို ခွဲခြားပြီးသိတယ်၊အသံ အနှေးအမြန်၊အတိုးအကျယ်ရော၊
နာရီအချိန် မှန်မမှန်ကိုရော အမြဲစောင့်ကြည့်နေရတာကိုး၊ဒီတော့ တမင်နာရီတွေ အချိန်ခြားပြီး
တိုက်ထားတယ်လေ၊ ဒါမှ ကျုပ်ထိုင်ရာက ထမကြည့်ပဲ၊ ဘယ်နာရီကသံပတ်နည်းနေပြီ၊ဘယ်နာရီ
ကဆံခြည် မကောင်းဘူးလဲ၊ ဘယ်နာရီက ထိုးစက်မကောင်းဘူးလဲ ခွဲခြားသိရမှာပေါ့။”
သေလိုက်ပါတော့ကွာ၊ ဘယ်လောက် ယထာဘူတကြသော နှောက်ယှက်မှု တစ်ခုလိမ့်။
သူရယ်မော၍ လက်ခံခဲ့ရသည်။
နောက်ပိုင်းလ အနည်းငယ်မှာတော့ နာရီသံများနှင့် နေသားတကျ ဖြစ်သွားလေတော့
သည်။
နာရီသံများသည် သူ့အတွက် အိပ်ရာဝင် ဂီတသံစဉ်များလို ဖြစ်လာသည်။လေတိုက်ခတ်
မှုနှုန်းကိုလိုက်၍ နာရီသံအတိုးအကျယ် ပြောင်းလဲလာသောအခါ ထိုအသံများသည် သူ့အတွက် နား
ထောင်၍ ချိမြသော ဂီတသံဖြစ်လာ၏ ။
နာရီပြင်ဆရာ၏ အိမ်နီးခြင်းဖြစ်ရခြင်းကြောင့် ရရှိလာသော ဒုက္ခထဲတွင် နာရီပြင်ဘို့လူ
ကြုံပေးခံရခြင်းလဲ ပါဝင်သည်။
လက်ပတ်နာရီလို၊ စားပွဲတင်နာရီလို ဝန်မကျယ်သော နာရီမျိုးဆို ပြဿနာမဖြစ်သော်
လည်း။တိုင်ကပ်နာရီလို ကြီးကြီး မားမား ဝန်ထုပ်ဝန်ပိုးမျိုးကြတော့ သူ့အနေဖြင့် ကူညီဘို့ တော်တော်
စဉ်းစားရသည်။သိပ်မရင်းနှီးသူများဆိုလျှင်တော့ အကြောင်းပြချက်တခုခုပေးကာ ခပ်ပြုံးပြုံး ငြင်းဆန်
နိုင်၏။သို့သော် အလွန်ခင်မင်ရင်းနှီးသော မိတ်ဆွေဆိုလျှင် သူအားနာပါးနာ လက်ခံ၍ လူကြုံပေးပစ္စည်း
ကို သယ်ယူလာရတော့သည်(ကံအကြောင်း မလှစွာပင် နာရီပြင်ဆရာသည် ဤမြို့ပေါ်တွင် တိုင်ကပ်နာ
ရီများကို ပြန်လည်ပြင်ဆင်ခြင်း၊ရောင်းဝယ်ခြင်းတို့၌ အပိုင်နိုင်အကျွမ်းကျင်ဆုံးဖြစ်နေပေသည်)။
သူနောက်ဆုံးသယ်ဆောင်ပေးခဲ့သည်မှာ အလွန်စိတ်ညစ်ညူးဖွယ်ကောင်းသော တိုင်ကပ်
နာရီတလုံးဖြစ်သည်။(ဤနာရီ၏ နောက်တွင် မည်သည့်နာရီကိုမျှ လူကြုံအဖြစ်မသယ်ဆောင်ရဲတော့ပေ)
ထိုနေ့က သူသယ်ယူခဲ့သော နာရီကြီးမှာ အတော်ကြီး၏။ သူ့စိတ်အထင်တော့ နာရီကြီး၏
အရှည်မှာ နှစ်ပေခွဲလောက်ရှိမည်။(တကယ်တော့နာရီကြီးသည် သုံးပေနှီးပါးရှိ၏)။နာရီမျက်နှာပြင်ဒိုင်
ခွက်က အဝိုင်ကြီး၊ ဒိုင်ခွက်၏ ဘေးဘောင်ကို ရှစ်နားညီ ဗဟုဂံ ဖြစ်အောင် သစ်သားပြား ကွပ်ထားသည်။
ဂဏန်းကွက်များမှာ ရောမဂဏန်းများ ဖြစ်သည်။လက်တံအရှည်နှင့် လက်တံအတို(မိနစ်လက်တံနှင့်နာရီ
လက်တံ)မှာ ဗဟိုမှ ပြုတ်ကျနေပြီး နာရီဒိုင်ခွက်နှင့် မှန်၏အကြားတွင် နာရီလှုပ်ရှုားတိုင်း တဂျောက်
ဂျောက်မြည်အောင် နေရာရွေ့ရှားလျှက်ရှိကြသည်။ နာရီအိမ်ကတော့ ချိန်သီးအိမ်အထိ တဆက်တည်း
လေးထောင့်အရှည်ကြီး ဖြစ်နေသည်။ အနှစ်နှစ် အလလ မပြုပြင်မမွန်းမံပဲ ထားပုံမျိုးဖြင့် နာရီအိမ်
သစ်သားအရောင်မှာ ခပ်မွဲမွဲဖြစ်ပြီး ဖုန်တတ်နေသေးသည်။
ဤကြီးမားလှသော နာရီ ကို့ရိုးကားယားကြီးကို လူကြုံပေးလိုက်သော မိတ်ဆွေအား
သူကြိတ်၍ ကျိန်ဆဲမိလိုက်မိသည်မှာ အိမ်ပြန်ရာလမ်း၏ ခရီးတဝက်၌ဖြစ်သည်။ဂုံလျှော်အိတ်အဖြူဖြင့်
သေသေသပ်သပ် ထုပ်ပိုးချည်နှောင် ပေးလိုက်သောနာရီကြီးသည် လူအရှုပ်ဆုံးနေရာ ရုပ်ရှင်ရုံရှေ့
ရောက်သော် အသံကျယ်လောင်စွာထိုးတော့သည်။
ပထမတော့မျှော်လင့်မထားသော အနီးကပ် အသံကြီးကြောင့်သူလန့်ဖြန့်သွား၏။သို့
သော် ပထမဦး ဆုံးအသံမပျောက်မှီမှာပင် ဤနာရီကြီးမှ ဖြစ်ရမည်ဟု သူသိလိုက်သည်။အသံကြီးက
ကြီးမားကျယ်လောင်လှသည်။ထို့အပြင် အက်ကွဲကွဲကြီးဖြစ်သည်။ထိုအချိန်မှာ ညနေငါးနာရီ မခွဲမီ ဆယ်
မိနစ် အလိုခန့်ဖြစ်သည်။ဘယ်လိုနာရီအမျိုးအစားမျှ အသံမမြည်သင့်သောအချိန်ဖြစ်သည်။ထို့ကြောင့်
လဲသူအံ့သြ တုန်လှုပ်သွားခြင်းဖြစ်သည်။သို့သော်ဤနာရီကြီး ပျက်နေပေသည်။
လဘက်ရည်ဆိုင်ရှေ့မှလူများ ရုပ်ရှင်ရုံရှေ့မှ လူများ၏ စိတ်ဝင်တစားအကြည့်တို့
ကြောင့် သူ့မျက်နှာပူနွေးကာ ရှက်ရွံ့သွားမိလေသည်။သူဆွဲလာသော လက်ကိုင်ဂွင်းတပ် ဂုန်လျှော်
အိတ် အဖြူကြီးထဲတွင် ဤနာရီကြီးပါမှန်းမသိ။သူတို့အဖို့မှု ဒီအသံသည် ထူးဆန်းအံ့သြဖွယ်ရာဖြစ်နေ
သည်။ထို့ထက်ပို ထူးဆန်းသည်မှာ သူခြေတစ်လှမ်း လှမ်းတိုင်း နာရီကြီးက ဒုံ ကနဲအသံမြည်နေခြင်း
ပင်ဖြစ်၏ ။သူချွေးပြန်လာကာ ယောင်မှားစွာ ခြေလှမ်းရပ်တန့်လိုက်၏ ။ထိုအချိန်တွင် ခုနှစ်ချက်ခန့်
ကျယ်လောင်စွာ အော်မြည်ပြီးသော နာရီသံသည်လည်း ရပ်တန့်သွားသည်။
“အင်း...ဒါဟာငါ့ခြေလှမ်း လှုပ်ရှုားမှုကြောင့် အထဲကစက်တွေ ကပြောင်းကပြန်ဖြစ်သွား
တာများလား။” သူပထမဦးဆုံးအကြိမ် ကြောင်တောင်တောင်တွေးမိသွားသည်။ရှေု့ဆက်ပြီး ခြေလှမ်း
လှမ်းလိုက်လျှင် ဒါကြီးက ထပ်မြည်ဦးမလား။
ထိုအချိန်တွင် သူခြေတစ်လှမ်းလှမ်းဖို့ အတော်စဉ်းစားယူရသည်။
လူအားလုံး သူ့အားဝိုင်းကြည့်နေကြသည်ဟု မလုံမလဲအတွေးဖြင့် သူစိတ်ကျဉ်းကျပ်လျှက်
ရှိသည်။
အိုကွာ...ငါခြေတလှမ်းလှမ်းလို့ နာရီ မြည်တော့ကော ဘာဖြစ်သေးလဲ။နာရီ တလုံးဟာ သူ
မြည်ချင်တဲ့အချိန်မှာ အသံမြည်ခွင့်ရှိတာပဲ။ ညနေ ၅ နာရီပေမယ့် ၇ချက် ထိုးတော့ ဘာဖြစ်သေးလဲ။၈ချက်
ထိုးတော့ရော ဘာဖြစ်သေးလဲ။ အခုလို ရပ်လိုက်တာကမှ လူတွေ စိတ်ဝင်စားစရာဖြစ်နေဦးမယ်။
သူအားတင်း၍ ခြေလှမ်း စတင်လှမ်းသည်။
ထိုအချိန်မှာ ဒုံ ကနဲ ကျယ်လောင်သောထိုးသံပေါ်လာ၏ ။သူထူပူ တုန်လှုပ်သွားကာ ခြေ
လှမ်းတုန့်ကနဲ ရပ်ဖြစ်လိုက်၏ ။ထိုအချိန်မှာပင် နာရီသံလည်း ရပ်သွားပြန်လေသည်။နောက်ထက်ခြေ
လှမ်းလျှင် မြည်ဦးမလားမသိ။မဖြစ်ဘူး။ ဒီနာရီသံ ရပ်သွားအောင်လုပ်ဖို့ တစ်နည်းနည်းတော့ရှိရမည်။
သူသည် သက်မဲ့နာရီတစ်လုံးကို လှည့်ဖြားရန် အကြံရသွား၏ ။ထို့နောက် ဂုန်လျှော်အိတ်
ကိုဖွင့်ကာ အထဲမှ ဧရာမ နာရီကြီးကို ခဲခဲယဉ်းယဉ်း ထုတ်ယူလိုက်၏။ ထို့နောက် နာရီ၏ ချိန်သီအိမ်က
အပေါ်ရောက်ပြီး နာရီမျက်နှာပြင်ဝိုင်းက အောက်ရောက်သွားအောင် နာရီကို ဇောင့်ထိုးထည့်ပြစ်လိုက်
၏ ။အထဲမှာ ထည့်ထားသော ကြေးချိန်သီး အပြားဝိုင်းကြီး၏ လှုပခပ်တိုက်ခပ်သံ ခဏကြားရပြီးနောက်
အသံငြိမ်သွားသည်။
ကိုင်း ဒီအထဲက စက်တွေ ပြောင်းပြန်ဖြစ်ကုန်ပြီ ။ဒါကြီးလည်း အသံမြည်တော့မှာ မဟုတ်
ဘူး။
သူဇောင့်ထိုးဆွဲထားသောနာရီကြီး ကို ငုံ့မကြည့်ရဲဘဲ ခြေလှမ်းကိုစတင်လှမ်းလိုက်သည်။
သူလေးငါးလှမ်းခန့် လှမ်းလိုက်ပြီးချိန်မှာပင် ကျယ်လောင်သော မြည်သံ ဆက်တိုက်ပေါ်လာလေတော့
သည်။သူ့မျက်နှာ ရှုံ့မဲ့သွားပြီးနောက် တစ်ယောက်တည်းရှက်ရယ် ရယ်မိတော့သည်။
ထိုနာရီမှ ပေးသောဒုက္ခသည် ဤအချိန်ကတည်းက စတင်ခဲ့ပေသည်။
သူသည်ပင်စင်ယူပြီးကတည်းက မနက် ၇နာရီ မှ ညနေ ၅နာရီထိ မြို့ထဲက စည်ပင်သာယာ
ဈေးကြီးတွင် ကုန်ခြောက်ဆိုင် သွားဖွင့်ရောင်းနေသူဖြစ်သောကြောင့် ဤနာရီသည် သူ့အားညကျမှ ဒုက္ခ
ပေးလေသည်။
အခြားနာရီပေါင်းများစွာ၏ မြည်သံထိုးသံနှင့် သူရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သော်လည်း ဤ
နာရီကြီး၏ အသံကိုတော့ သူဘယ်လိုမှသည်းငြီးခံ၍ မရ။နာရီပြင်ဆရာ၏ အိမ်နီးချင်း ဖြစ်ပြီးကတည်းက
နာရီပေါင်းများစွာ၏ ထိုးသံကိုသူကြားဖူးလှပြီ။ဤ နာရီလောက် အောင့်ကလိ အာသံမျိုး တခါမျှ မကြား
ဘူးပေ။
နာရီပြင်ဆရာ၏ အိမ်ရှိ အချို့နာရီများသည် ဒင်..ဒင် ဟုအသံမြည်တတ်သည်။အချို့က
ဒေါင်..ဒေါင် ဟုအသံမြည်၏။တချို့က တိန်..တိန် ဟု အသံခပ်သေးသေးမြည်၏။သံစုံ နာရီများလည်း
ရှိသည်။ဂီတသံလို အသံအနိမ့်အမြင့်ဖြင့် တော်တော်နားထောင်ကောင်းလှသည်။သို့သော် ဤနာရီကျ
တော့ ဒုံ ကနဲအသံမြည်၏။ မြည်ပုံကလည်း တမျိုး။ဒုံ ဟူသောအသံ၏ နောက်တွင် ဂျရစ် ဂျရစ် ဟူ
သောထစ်သံ တုန်သံ တစ်ခုပါသေးသည်။သူသည် ဤနာရီသံကြားလျှင်သွားကြိမ်းလှသည်။ ဘယ်နိုင်
ငံကများ ဤနာရီမျိုး တီထွင်လိုက်ပါလိမ့်။အသံကတော့ တော်တော်မာပြီးကျယ်လောင်သည်။တော်
ရုံသွေးကြောင်သူဆိုလျှင် တိတ်ဆိတ်သောညမှာ ထိုအသံကြောင့်နှလုံးတုန် ရင်ခုန်သွားနိုင်၏ ။
သူသည် ဤနာရီကြီးကို နာရီပြင်ဆရာအားကိုယ်စားအပ်ပေးပြီးနောက် တပတ်တိတိ
ဘယ်လိုမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တော့ချေ။
တစ်ညနေမှာ သူ၏သစ်ပင်များ ရေလောင်းပေါင်းမြက်သင်ချိန် ကိုဖျက်၍ နာရီပြင်ဆရာ
၏ အိမ်သို့ သူကူးသွားလိုက်၏။
သူ့အား အသံဖြင့် နှိပ်စက်နေသေးသော သူမှတ်မိနေသည့်နာရီကြီး မှာ အားလုံးထဲတွင်
အကြီးဆုံး။နံရံတွင် မားမားကြီးချိန်လျှက်ရှိ၏ ။နာရီအိမ်သစ်သားမှာ အညိုရင့်ရောင် ဆေးသုတ်ထားပြီး
ဒိုင်ခွက်ကလည်း ဖြူဖွေးကာ သစ်လွင် တောက်ပနေ၏။အင်း..ဒါကြီးကို ပြင်ဆင်မွန်းမံ ပြီးပြီပေါ့။
“နေကောင်းရဲ့လားဗျ”
နာရီပြင်ဆရာသည် သူ့ကိုတွေ့တိုင်း နေကောင်းရဲ့လားဟု ပဋ္ဋိသန္တာရ စကားဖြင့် နှုတ်
ဆက်လေ့ရှိသော်လည်း ဤအိမ်ပြောင်းပြိးမှ သူတခါမျှ မဖျားနာ ဘူးမှန်း နာရီပြင်ဆရာသိပါသည်။
“ကောင်းပါတယ်ဗျာ”
ညအိပ်မပျော်တာတစ်ခုပဲဟု ဆက်ပြောချင်သေးသော်လည်း ပြောမထွက်ပေ။သူက
ဟိုဘက်အိမ်ကနေ အိပ်ရေးပျက်နေရလျှင် နာရီပြင်ဆရာ အဖို့ မည်သို့ ရှိမည်နည်းဟု ကိုယ်ချင်းစာ
လိုက်သောကြောင့် ဖြစ်၏ ။
“ဟို..နာရီကြီးက အသံတော်တော် ကျယ်တယ်နော်” ဟု သူကစကား စလိုက်သောအခါ
နာရီပြင်ဆရာ့ ဂုဏ်ယူဝင့်ကြွားဟန်ဖြင့်ခေါင်းညိတ်၏။
“အေးဗျ..ခဗျားသယ်လာတဲ့နာရီကြီးလေ၊ သူ့ ထိုးစက်သံချောင်းတွေက တော်တော်သန်
ပြီးတုတ်တယ်ဗျ။ အသံမာတာပေါ့ဗျာ”
“ဘယ် နိုင်ငံက လုပ်တာလဲဗျ..”
နာရီ များကို သိပ်စိတ်မဝင်စားသူ သူ့ထံမှ ဤမေးခွန်းကို ကြားရသောအခါ နာရီပြင်
ဆရာကမျက်ခုံးပင့်ကြည့်ကာ သဘောကျသွားဟန် တူပါသည်။
“အမေရိကန် ပေါ့ဗျာ”
အံ့သြ ရာပဲ။သူသည် အမေရိကန်ပြည်ထောင်စုကို ယခင်က အလွန် အထင်ကြီးခဲ့သည်။
ယခုတော့ တိုင်ကပ်နာရီတလုံးကြောင့် အမေရိကန် နာမည်ပျက်ရပေတော့မည်။အင်းလေ...နှစ်ပေါင်း
များစွာ ကြာပြီးတဲ့နောက် ဤနာရီသည် နဂိုကစ္စည်းချည်း မည်သို့ဖြစ်နိုင်မည်နည်း။ မြန်မြာ့ပည်တွင်
ပြုလုပ်ဖန်တီး၍ ပြင်ဆင်ထည့်သွင်းသော ပစ္စည်းများရော မဖြစ်နိုင်ဘူးလား။
စက်သောမက်(စ)(Seth Thomas)အမျိုးအစားဗျ၊ သိပ်ကောင်းတယ်၊ ခိုင်တယ် ဟိုတုန်း
ကတော့ နံမည်ကြီးပေါ့ဗျာ။ရွှေဈေး အစိတ် တုန်းက ငါးဆယ်ပေးရတဲ့ နာရီ အမျိုး အစားဗျ”
နာရီ ပြင်ဆရာ၏ အကျင့်မှာ သူ့နာရီများ(သို့မဟုတ်) သူကိုင်တွယ်ပြင်ဆင်ရသောနာရီ
များကို တန်ဘိုးပြောပြတိုင်း ယခင်နှစ်ပေါင်း များစွာက ရွှေတစ်ကျပ်သား ဈေးဖြင့် နှိုင်းယှဉ်လေ့ရှိ
သည်။
“ဟောဟို...ခဗျားနောက်ကနာရီကိုကြည့်၊ အဲတာဂျာမနီ နိုင်ငံကလုပ်တာ”
သူ့နောက် လှည့်ကြည့်လိုက်တော့ နံရံမှာ မင်းဂွတ်သီးရောင် ဖျော့ဖျော့နုနု လေးထောင့်
နာရီတစ်လုံးကိုမြင်ရသည်။
“သိပ် အသံသာတဲ့နာရီ၊ ကျုပ်ကိုင်ရဖူးသမျှ သံစုံနာရီတွေထဲမှာတော့ အကောင်းဆုံးပဲ”
နာရီဒိုင်ခွက် မျက်နှာပြင်မှာ ငွေရောင်ဖြစ်ပြီး“ မောင်ကိုနှင့် ညီများဟု” ခံ့ထည်သောမြန်
မာစာလုံးပါသည်။
“ မောင်ကို ဟုတ်လား ဂျာမနီ ဆိုဗျ”
“ အေး လေဒါက မြန်မာနိုင်ငံရောက်မှ ရေးတဲ့နာမည် ဖြစ်မှာပေါ့၊ ဂျာမနီ ကုမ္ပဏီဆက်
သွယ်ပေးတဲ့ မြန်မာကုမ္ပဏီနံမည်ဖြစ်ချင် ဖြစ်မယ်လေ။တကယ်တော့ ဒီနာရီရဲ့ စက်မှာ ဂျမဏီလို့ရေး
ထားတာပဲ။”
သူသိပ်နှစ်သက်သော သံစုံတီခတ်မှုမှာ ဤနာရီမှ ဖြစ်လိမ့်မည်ဟု သူမှန်းဆကြည့်မိ၏၊
ချန်သီးအိမ်၏ ရှေ့မှန်က ထုကောင်းပြီးရှေးက ကြည့်မှန်ပြုလုပ်သော နိုင်ငံခြားမှန် အမျိုးအစားဟု ထင်
သည်။အထဲကချိန်သီးမှာ သံမဏိ သထ္ထုရောင် လက်နေပြီး ဖြေးလေးစွာ လွဲယမ်းနေသည်။
“ဒီကောင်က ဆယ့်ငါးမိနစ် တခါ ထိုးတာလေ”
သေချာသည် သူအနှစ်သက်ဆုံး နာရီမှာ ဤနာရီ ဖြစ်ပေသည်။
“ဘယ်သူ့ နာရီလဲဗျ”
“ကျုပ်ဝယ် ထားလိုက်တာဗျ၊ နှစ်နှစ်ရှိပြီ ကိုးရာနဲ့ ဝယ်ထားလိုက်တာ”
သူအံ့သြသွားသည်။ ပုံစံခပ်ဟောင်းဟောင်း ရှေးတိုင်ကပ်နာရီတလုံး ကိုးရာတန်ဘိုး
ရှိမှန်း သူမသိခဲ့ပေ။
“ဈေးများလှချည်လား”
ထိုအခါ နာရီ ပြင်ဆရာက သဘောကျသွာရယ်၏။
“အဲဒီ နာရီကို နှစ်ထောင်နဲ့ လာဝယ်တဲ့သူရှိတယ်။ကျုပ်မရောင်းဘူး၊ သံစုံနာရီခြင်းယှဉ်ရင်
လည်းသူကသာတယ်၊ဒီကောင်အသံက ခုခောတ်ဂျပန် သံစုံနာရီ ထိုးသံတွေလို ကလက်တက်တက်မ
ဟုတ်ဘူး၊ခံ့ညားတယ်။”
သူတ အံ့အသြ ပြုံးမိသည်။
“ခု ချိန်ထိ နှစ်နှစ်ရှိ ပြီ၊ တခါမှ ပြန်မုပြင်ရသေဘူး။သူ့ ထိုးစက် အချောင်းတွေက ကြေးချောင်း
တွေလေ သံချောင်းတွေမဟုတ်ဘူး၊သံချေးမတတ်ဘူး၊ အတ်သံမပါဘူး၊လှိုင်သံပေါက်ပြီး ကြည်လင်နေ
တယ်။ရွှေဈေး အစိတ်တုန်း တရာ့ အစိတ်ပေးရတဲ့ နာရီပဲဥစ္စာ၊ ခဗျားစဉ်းစားကြည့်လေ အခုရွှေ ဈေး
နဲ့များတွက်ကြည့်လိုက် ပါဦး။ဘယ်လောက်အဖိုးတန်သလဲဆိုတာ”
ဤလူသည် လျှင်မြန်စွာ ပြောင်းလဲတိုးတတ်လာသော စက်မှုသိပ္ပံ ပညာကို ထည့်တွက်
ဟန်မတူပေ။
ဤကိစ္စထက် အရေးကြီးသည်မှာ အသံကျယ်လောင်လွန်းသော အမေရိကန် နာရီကြီး၏
ပြဿနာဖြစ်သည်။
“ အဲဒီ အမေရိကန်ကြီး ရောင်ပြီးသွားပြီလား၊ ပြန်ယူရင်တော့ သူ့ဟာသူ ပြန်လာယူစမ်းပါ
စေဗျာ၊ ကျွန်တော် အဲဒါကြီးနဲ့ နောက်တကြိမ် လမ်းမှာ ဒုက္ခမရောက်ချင်ဘူး”
ထိုအခါ နာရီပြင်ဆရာကပြုံး၏။
“ကျုပ် အဲဒီ နာရီကို ဝယ်လိုက်ပြီဗျ၊ ပြင်ခမတတ်နိုင်လို့၊ ငွေလည်းလိုနေလို့ဆိုပြီး တနေ့က
ပဲ ကျုပ်ကိုအပြီးရောင်းသွားတယ်လေ၊ ကြည့်စမ်းပါဦးဗျာ ဘယ်လောက်ကြီးမားခန့်ညားလိုက်သလဲ”
“မြတ်စွာဘုရား”
လက်စသက်တော့ ဤနာရီသံ၏ ဒုက္ခကို သူတသက်လုံး ခံစားနေရတော့မှာ ပါကလား၊
သူ လုံးဝစကားမပြောနိုင်ပဲ ငိုင်ကြသွားတော့သည်။
ထိုအချိန်မှစ၍ ဤအမေရိကန်နာရီကြီးသည် သူ့အား ညစဉ်အနှောက်အယှက်ပေးလေ
သည်။ဒီအသံကြီးနဲ့ နာရီပြင်ဆရာ ဘယ့်နှယ့်လုပ်ပြီး အိပ်ပျော်ပါလိမ့်မလဲ။အင်းလေ...သူကခုနှစ်ဆယ်
ကျော်အဖိုးကြီးပဲ၊ နားလေးနေတာလဲ ဖြစ်နိုင်တာပေါ့။ ဤနာရီသံကတော့ သူတို့တရပ်ကွက်လုံး နာ
ရီထကြည့်စရာမလိုအောင် အသံမြည်လှသည်။ မန္တလေး မြို့တော်ခန်းမမှ နာရီထိုးသံလို သာယာ
သောဂီတသံ ဆိုလျှင်တော့ ပြောစရာမရှိပါ။ ယခုတော့အက်ကွဲသံကြီး။ ဒုံကနဲ မြည်ပြီးတိုင်း နောက်
ဆက်တွဲ ဂျရစ် ဂျရစ် အသံကြီးမှာ သူ့အားသွားကျိန်းစေပေသည်။
ရက်မှလသို့ ချည်းကပ်လာသည့် တိုင်အောင် သူ့အား ဤနာရီက အနှောင့်အယှက်
ပေးနေဆဲ။ သူ အိပ်ရေးမဝပဲ နိးလာရပေါင်း များလာသောအခါ သူ မလှုပ်ရှုားချင်သလိုလို၊ မူးဝေ
နောက်ကျိသလိုလို၊ ညောင်းညာနာကျင် သလိုလို ဖြစ်လာသည်။ မကြာခဏ ဆေးခန်းသွားပြပြီးဆေး
ထိုးခံရသည်။
“အဲဒီ နာရီကြီးကို ခဗျားပြန်ရောင်းမယ်ရော စိတ်ကူးသေးလား။”
“ဟား..ရောင်းမှာပေါ့ဗျ ၊ကျုပ်အတွက် ဟောဟို သံစုံနာရီရှိနေရင် ပြီးရော”
သို့သော် ဤမျှကြီးမားလေးလဲသော ပုံစံခပ်တုံးတုံး နာရီကြီးကို အသံမကြားရပဲနဲ့တောင်
ဝယ်ချင်သူရှိမှာမဟုတ်ဟု သူလောင်းရဲသည်။
သူထင်သည့်အတိုင်းပင် ဤနာရီကြီးသည် နာရီပြင်ဆရာ၏ အိမ်တွင် မားမားကြီးချိတ်
ထားခံရဆဲ။ညစဉ်ဝတ္တရားအဖြစ် သူ့အား လေးလံသော စောင်ခြုံထဲအထိ အသဲကြောင်ကြီး ဖြင့်နှောက်
ယှက်ဆဲသာဖြစ်သည်။ကြာတော့နာရီကြီးကိုသူ ခါးခါးသီးသီးမုန်းတီးလာသည်။
နေစမ်းပါဦး။ ဤကိစ္စနှင့်ပက်သက်၍ ဖြေရှင်းရန် နည်းတခုခုတော့ရှိရမှာပေါ့။
အကောင်းဆုံးနည်းက ဤနာရီကြီးကို ရိုက်ခွဲ ဖျက်ဆီးပြစ်ဖို့ပဲ။သူ စိတ်ပေါက်ပေါက်ဖြင့်
တွေးမိသေးသည်။
ထိုးစက်သန်ချောင်းတွေက သန်မာပြီးတုတ်တယ်ဆိုပဲ၊အဲဒါတွေကို ပျော့တဲ့သံချောင်းခပ်
သေးသေးဖြင့် လဲခိုင်းရရှုကောင်မည်။သို့သော် ဤကိစ္စသည်သူ့အဖို့တော့ သူများကိုယ်ရေးကိုတာထဲ
ဝင်စွတ်ခြင်းသာဖြစ်သစည်။ဒါဟာ သူ့နာရီမှမဟုတ်ပဲ။
သို့မဟုတ် သံချောင်းကိုလာထုသော(ကြေးသတ္ထုဖြင့် ပြုလုပ်သော) တူကလေးကို အသံ
သိပ်မကျယ်အောင်လုပ်တဲ့နည်း ရှိချင်ရှိမှာပေါ့။ဥပမာ....တူကလေးကို သင်္ဘောဆေးသုတ်ခြင်း၊သို့မ
ဟုတ် စက္ကူပတ်ခြင်း။ ထို့နောက်....သူ့အတွေး သူ သဘောကျစွာ အသံထွက်ရယ်လိုက်မိသည်။မဟုတ်
သေးပါဘူးလေ။
တိုင်ကပ်နာရီတလုံးမှာ စက်နှစ်လုံးပါမှန်း သူသိသည်။နာရီသွားသောစက်၊နာရီထိုးသော
စက်ဟူ၍ ဖြစ်သည်။နာရီသံကို သံပတ်ပေးလျှင် နာရီပြင်ဆရာသည် ဒိုင်ခွက်အောက်မှ အပေါက်နှစ်
ပေါက်ထဲသို့ သော့တံဖြင့် ထိုးသွင်းလှည့်ယူ၍ သံပတ်ပေးတာ မြင်ဖူးသည်။ ထိုးစက်သံပတ်ကုန်လျှင်
နာရီသံ ကြားရတော့မှာ မဟုတ်ဘူး၊ ဤ အချက်က သိပ်သေချာသည်။သူပျော်ရွှင်သွားသည်။သို့သော်.....
နောက်ဆုံးတွင် သူသည် တခုတည်းသောနည်းလမ်းကိုသာ စဉ်းစား၍ရသည်။
“ခဗျား ဒီနာရီကို ဘယ်လောက်ရရင်ရောင်း မလဲဗျ ၊ဟင်”
နာရီပြင်ဆရာက သူ့ကို တအံ့တသြ မော့ကြည့်ကာ “ခဗျား လိုချင်လို့လား”ဟုမေးသည်။
“အေးဗျာ”
သူ့အသံမှာ အားနည်းလှသည်ကို နာရီပြင်ဆရာက ဂရုထားမိဟန် မတူပါ။ အားရပါးရ
ရယ်လျှက် လက်ဝါးနှစ်ဖက်ကို ကျေနပ်စွာ ပွတ်သပ်ကာ ခေါင်းတဆတ်ဆတ် ညိတ်လေသည်။
“ခဗျား ယူရင်တော့ လျှော့ပေးမှာပေါ့ဗျာ၊ နှစ်ရာ့ငါးဆယ်ပဲပေးပါ”
တော်ပါသေးရဲ့ရွှေဈေးအကြောင်း မပြောပေလို့။
သူ စိတ်သက်သာရာရသွားသည်။ငွေနှစ်ရာ့ငါးဆယ်မှာ နောက်ထက် ဆေးခန်းငါးခါသွား
ရလျှင် ကုန်မှာပဲ။ ဤ နာရီကိုဝယ်ယူလိုက်ခြင်းအားဖြင့် ဆေးခန်းသွားရမည့် ဒုက္ခမှ လွတ်မြောက်လျှင်
သူ့ အတွက် ကြေနပ်နှစ်သိမ့်ဖွယ်ရာ ဖြစ်ပေသည်။
“ ခဗျာ အိမ်နံရံမှာ ကျုပ်လိုက်ပြီး ချိတ်ပေးပါ့မယ်။တခါတလေ နာရီတွေက ချိတ်ပုံဟန်မကျ
ရင် မသွားချင်ဘူးဗျ၊ ဒေါင်လိုက် တည့်တည့်မဟုတ်ပဲ နဲနဲစောင်းသွားရင် စက်မမှန်ချင်ဘူး”
ကျေးဇူးကြီးမားလှပါသည်။သို့သော် ဤကိစ္စမှာ သူ့အတွက်အရေးမကြီးလှပါ။
“ ထိုးစက်သံပတ်က ဘယ်ဥစ္စာလဲဗျ”
“ ဟောဒီ ဘက်ကဟာပေါ့ ၊ ခဗျား တခါသံပတ်ပေးပြီးရင် တပတ်လောက် အနည်းဆုံးမေ့
ထားလို့ရတယ်။သူ့ သံပတ်က အော်ရီဂျင်နယ်တွေ၊အက်ရာ ဆက်ရာ ဘာမှမရှိဘူး သန်သလားမမေးနဲ့”
နာရီပြင်ဆရာသည် သံပတ်ပေးပုံ ပေးနည်းကအစ အသေအချာ ပြသသွား၏ ။
သူသည်နာရီသံပတ်ကို ဂရုတစိုက်ပေး၏ ။ထိုသို့ သံပတ်ပေးရာတွင် သွားစက်သံပတ်ကို
သာပေးလျှက် ထိုးစက်သံပတ်ကို အမြဲတမ်း ချန်လှပ်ထားခဲ့သည်။ ထို့ကြောင့် နာရီသည်လုံးဝမထိုး
တော့ချေ။ ဤ သို့ဖြင့် နာရီကို ဝယ်ယူပြီး တပတ်အကြာတွင် သူသက်တောင့်သက်သာ အိပ်ပျော်သွား
သော အကျင့်ကို ပြန်လည်ရရှိလာခဲ့သည်။
သူ့ဘဝတွင် သူမုန်းတီးသော အရာဝတ္ထု တခုကို အပိုင်ဝယ်ယူလိုက်ခြင်းမှာ
ဤ တကြိမ်သာရှိသေးသည် ။
ဟန်သစ်မဂ္ဂဇင်း၊ အမှတ်(၁၀)
ဆရာမ ဂျူး
No comments:
Post a Comment