( )

Tuesday, 20 November 2012

ပင်လယ်ချစ်တဲ့မြို့ကလေး(စောငယ်)



ဒို့မြို့လေးမှာ......
ရူးသွပ်စရာ ဖက်ရှင်အလှတွေနဲ့
စွဲမက်ဖွယ် ရောင်စုံမမတွေရဲ့
ခောတ်ဆန်ဆန် မော်ဒယ်ရှိုးတွေလဲ
မရှိပါဘူး...။
မှိန်ပျပျ နီယွန်မီးရောင်ကိုမှီတွယ်ရင်း
မြူးကြွတဲ့ တေးဂီတတွေနဲ့
အယုအယတွေ ကိုယ်စီတွဲလို့
မောင်မိုက်တဲ့ ရမက်ခိုး
ကာမမုဆိုးတို့ရဲ့
လူချမ်းသာ နိုက်ကလပ် ဘားတွေလဲ
မရှိပါဘူး..။

စိမ်းစိုကာလန်းဆန်း
အေးချမ်းတဲ့ ဒို့မြေမှာ
ခင်တွယ်စရာ သဘာဝအလှတွေနဲ့
ပင်လယ်ကို အဖေါ်ပြုတယ်
နေချင်စဖွယ် မြို့လေးပါပဲ...။
နိမ့်တခါ မြင့်တလှည့်
အပြောင်းလဲများတဲ့ လူ့ဘဝမှာ
အားကိုးတာ ဒို့ဗုဒ္ဓတရားတော်ပဲမို့
ကြည်ညိုစရာ စေတီပုတိုးတွေနဲ့
ဝိုင်းရံကာ ကျက်သရေတိုးတယ်
အေးချမ်းတဲ့ဒို့မြို့လေး..။
နံနက်ခင်းရဲ့
နွေးထွေးတဲ့ နေရောင်ခြည်ကို
ထွေးပွေ့စွာခံယူရင်း
ဒို့ ချစ်တဲ့ဒီပင်လယ်မှာ
ဘိုးဘွားတွေအစ ဒို့တွေအဆုံး
ရိုးသားစွာ ရုန်းကန်ခဲ့ရတယ်
ပြင်းပြတဲ့အလိုအင်ဆန္ဒ
ရှိခဲ့တယ် ဒီတခုပါပဲ
အေးချမ်းတဲ့ မိသားစုလေးနဲ့
သာယာတဲ့ ဘဝလေး....တခုပါပဲ
ရောက်ခဲ့မယ်ဆို
လာလည်ပါ....ဒို့တွေမရိုင်းပါဘူး
ဒို့ချစ်တဲ့ဒီပင်လယ်နဲ့.....ပင်လယ်ချစ်တဲ့ မြို့ကလေး...။

                        (စောငယ်)

No comments:

Post a Comment