Tuesday, 20 November 2012
သရက်ပင်ကလေး(ဆရာမခင်ခင်ထူး)
ကျွန်တော့်မှာ ဟောဒီသရက်ပင်ကလေးကြောင့် စိတ်ထဲကသိ ကအောင့်ဖြစ်နေရတယ်
သရက်ပင်ကလေးမှာ သရက်ကင်းလေးတွေက တွဲခိုလို့ နေပါပြီ။ သူ့ကို ကျွန်တော် ဘယ်လို
ထားခဲ့ရက်မှာလဲ။
ဒီသရက်ပင်ကလေးကို ကျွန်တော်ကိုယ်တိုင် စိုက်ခဲ့တာပါ။ ကျွန်တော် မူလတန်းကျောင်း
သားဘဝတုန်းက ဆရာမက သစ်ပင်စိုက်ပျိုးရေးနဲ့ ပက်သက်ပြီး ပြောဘူးတယ်။
“ မင်းတို့ အိမ်တွေမှာ သစ်ပင်ရှိကြရဲ့လား။ သစ်ပင်မရှိတဲ့အိမ်ဟာ သာယာစိုပြေမှု မရှိကြ
ဘူးကွ။ သွေခြောက်ခြောက်နဲ့ ကျက်သရေလည်း မရှိဘူး။ သစ်တပင်မှ မစိုက်နိုင်တဲ့ အိမ်တွေဟာ
အင်မတန်မှ အကျည်းတန်လှတယ်။ တသက်လုံး ပျော်ချင်ရင်သစ်ပင်စိုက်တဲ့။ မှတ်ထားကြနော်..”
အဲဒီကတည်းက အိမ်မှာ သစ်တပင် ကောင်းကောင်းတော့ စိုက်ရမယ်လို့ ကျွန်တော့်ရင်
ထဲမှာ ဆုံးဖြက်ချက်ချထားတယ်။ ဘာအပင်စိုက်ရမလဲ။ ဘယ်လိုအပင်စိုက်ရမလဲ။ ကျွန်တော် အ
မြဲတွေးတောနေမိတယ်။ အပွင့်နဲ့တင် ပြီးစီးသွားရတဲ့ အပင်မျိုးကို ကျွန်တော်မစိုက်ချင်ဘူး။ အပွင့်
ကနေအသီးသီးပြီးတော့ စားလို့လဲရရ မည်လို့ ကျွန်တော်မျော်လင့်ချင်တယ်။
တနေ့မှာ ကျွန်တော် ကျောင်းသွား ကျောင်းပြန်တဲ့လမ်းနဘေးမှာ သရက်ကလေးတပင်
ကို သွားတွေ့တယ်။
ဟုတ်ပြီ။
သရက်ပင်ဆိုတော့ အသီးသီးလာမှာပေါ့ သရက်သီးကိုလဲစားလို့ရမှာပေါ့။ ဘာသရက်မျိုး
လဲ။ ဘယ်လိုအရသာရှိမလဲ။ ကျွန်တော်မသိပါဘူး။ဒါပေမယ့်အသီးတော့ သီးလာရမှာပဲလေ။
ဒါနဲ့ဘဲ ကျွန်တော်ဟာ သရက်ပင်ကလေးကို တူးဆွယူခဲ့တယ်။ ကျွန်တော်တို့ခြံဝင်းရဲ့ စ
နေထောင့်မှာစိုက်လိုက်တယ်။ သရက်ပင်ကလေးကို စိုက်ပျိုးပြီးတဲ့နေ့ကစပြီး ကျွန်တော်မှာ စိတ်
ကူးတွေယဉ်ရ တော့တာပါပဲ။ ကျွန်တော်စိတ်ထဲမှာ သရက်ပင်ကလေးကို ပွင့်ကြည့်လိုက်။ သီး
ကြည့်လိုက်၊ မှန့်ဝန်းကြည့်လိုက်၊ ပြီးတော့စားတောင်ကြည့်လိုက်သေးတယ်။ စိတ်ကူးထဲမှာတော့
သရက်သီးတွေက သိပ်ချိုတာပေါ့ဗျာ။ ကျွန်တော်တို့ ဘဝတွေကို စိတ်ကူးယဉ်ကြည့် သလိုမျိုးပေါ့။
မူလတန်း ကျောင်းသားဘဝကနေ တက္ကသိုလ်က ဘွဲ့တခုခုရ။ အဲဒီကနေ ကိုယ်ကလေအေး
စက်နဲ့ တယ်လီဖုန်းနဲ့ ကုလားထိုင် တခုပေါ်မှာ အင်မတန်ဝင်ငွေ ကောင်းတဲ့ အရာရှိကြီး ဖြစ်ချင်ဖြစ်
မယ်။ ဒါမှမဟုတ် တိုက်နဲ့ ကားနဲ့ ကုမ္ပဏီ တခုခုကို ပိုင်ဆိုင်တဲ့ သူဌေးတယောက် ဖြစ်ချင်ဖြစ်မယ်။
အိုဗျာစိတ်ကူးထဲမှာ ကိုယ်ကရှင်ဘုရင်ကြီးတောင် ဖြစ်နေလိုက်သေးတယ်။
ခက်နေတာက ဟောဒီသရက်ပင်ကိစ္စပဲ။ နေ့စဉ်နဲ့အမျှ ကျွန်တော်ရေလောင်းရင်းအရိပ်တ
ကြည့်ကြည့်ရှိနေပေမယ့် သူကတော့ တသန်းသန်းနဲ့ ရှင်သန်ကြီးထွား ပြနေရုံကလွဲလို့ ဝုန်းကနဲထ
သီးတာမျိုးမဟုန်ဘူး။ ဆယ့်လေး ငါးနှစ်လောက်နေမှ သီးတတ်တဲ့ အပင်ကြီးမျိုးလေ။ ဒီတော့ဘယ်
မှာသူ့ကိုကျွန်တော် အမြဲတမ်း စိတ်ကူးယဉ်နေနိုင်ပါ့မလဲ။ ကျွန်တော့်မှာလဲ ကျွန်တော့်ဘဝရှင်သန်
ဖူးပွင့်ဘို့ အတွက် အလုပ်တွေလုပ်နေရသေးတယ်လေ။
(၂)
မူလတန်းအဆင့် အောင်မြင်လာတော့ အဖေကကျွန်တော့််ကို ကျောင်းနုတ်လိုက်တယ် ပြီး
တော့်သူ့ရဲ့အလုပ်ထဲ ခေါ်သွားတယ်။ ကျွန်တော်အဖေက လက်သမားတယောက်ပါ။ တူ၊ ပဲကွပ်၊ လွှ၊
ဆောက်တွေ ထည့်ထားတဲ့ ကျောဘိုးအိတ်တလုံးကို လွယ်ပြီးအဖေ့နောက်ကနေကျွန်တော်တကောက်
ကောက်လိုက်နေရတယ် အဖေက သူခိုင်းတဲ့ အတိုင်းလုပ်နိုင်ဘို့ ကျွန်တော့်ကို ဆူပူကြိမ်းမောင်းတတ်
တယ်။
တခါမှာ ကျွန်တော့်လက်ကို ရွေဘော်သွားရှသွား ခဲ့လို့ သွေးတွေဖြာစီးကျလာတယ်။ အဖေဟာ
သူ့ပုဆိုး အနားစလေးကို တဗျဲဗျဲနဲ့ ဆွဲဆုတ်ပြီးကျွန်တော့် လက်ကိုစည်းပေးတယ်။ရဲရဲနီနေတဲ့ သွေးတွေ
ကို ကျွန်တော်ကြည့်ပြီးငိုပါတယ်။ အဖေက -
“အဖေက ငါ့သားမင်းယောက်ျား မဟုတ်ဘူးလား ယောက်ျားဆိုတာတ္တိကောင်းရတယ်ကွ။ အဖေ
ငယ်ငယ်တုန်းကဆိုရင် မင်းထက်တောင်ဆိုးသေးရဲ့။ ဟော်ဟိုလောက် အမြင့်ကနေခြေချော်ပြီးပြုတ်ကျ
တာ။ ဒါပေမယ့် အဖေမငိုခဲ့ဘူး အဲဒီလိုဖြစ်ရတာ အဖေရပ်ခဲ့တဲ့ နေရာက မမှန်ကန်ခဲ့လို့ပဲ။ မင်းလဲမှတ်ထား
ကိုယ်ရပ်ရမယ့်နေရာကို ကိုယ်ရွေးချယ်နိုင်ရမယ် ”
အဲသလိုအဖေက အားပေးပြီးတဲ့နောက်ပိုင်း ကျွန်တော့် ကောင်းထဲမှာ“ကိုယ်ရပ်ရမယ့်နေရာကို
ကိုယ်ရွေးချယ်နိုင်ရမယ်”ဆိုတဲ့အဖေ့ရဲ့စကားသံက သံမှိုရိုက်သလို စွဲနစ်သွားတော့တယ်။ ရွေဘော်ထိုးတဲ့
အခါ သံတချောင်းကိုတူနဲ့ရိုက်သွင်တဲ့အခါ၊ အသားတချောင်းကို လွှနဲ့တိုက်ဖြက်တဲ့အခါ ကျွန်တော်ဟာ
ကျွန်တော်ရပ်ရမယ့်နေရာကိုရွေးချယ်နိုင်ခဲ့တယ်။ ဒီလိုနဲ့ပဲ ကျွန်တော်ဟာလုပ်ငန်းဂွင်မှာ ကျွမ်းကျင်လာခဲ့
တယ်။ လုပ်အားခငွေစ ကလေးတွေ ကျွန်တော်ရလာခဲ့တယ်။ တခါတရံမှာ လုပ်ငန်းငယ်လေးတွေကို အ
ဖေနဲ့ဆိုင်းခွဲပြီးကျွန်တော် လက်ခံလာနိုင်ခဲ့တယ်။
ဒါပေမယ့် အဖေဟာမမျော်လင့်ပဲ သေဆုံးသွားခဲ့တော့ ကျွန်တော်အံ့သြသွားခဲ့ရတယ်။ အဖေ
ဟာ ထုတ်တန်းပေါ်က အိမ်အမိုးအချင်တခုကို သံရိုက်ဖို့ကြိုးစားရင်းက ခြေချော်ကျပြီး အဲဒီဒဏ်ရာနဲ့
ပဲသေဆုံးသွားခဲ့ပါတယ်။ ကိုယ်ရပ်ရမယ့်နေရာကို အဖေဟာရွေးမှားပြီး ခြေချော်သွားခဲ့လေသလား
ကျွန်တော်အံ့သြသွားမိပါတယ်။
(၃)
ကျောဘိုးအိတ်တလုံးကိုလွယ်ပြီး အိမ်တွေဆောက်ခဲ့တဲ့ ကျွန်တော့်အတွက် အိမ်ကလေးက
တော့ဟောဒီသရက်ပင်ကလေးပါပဲ။ မိသားစုတွေ ပြွတ်သိပ်နေတဲ့ ကျွန်တော်တို့ အိမ်ပုတ်ကလေးထဲမှာ
ကျွန်တော် မနေတတ်ဘူး၊ အသက်ရူမဝဘူး။ ဒီတော့ ကျွန်တော့ ကိုယ်ပိုင်အတတ်ပညာကလေးနဲ့ သရက်
ပင်လေးအောက်မှာ ကွပ်ပျစ်လေးတချပ် လုပ်လိုက်တယ်.။အဲဒီကွပ်ပျစ်လေးပေါ်မှာပဲ ကျွန်တော်နေတယ်
အိပ်တယ်။
ကျွန်တော်ကျောဘိုးအိတ် ကလေးကိုသရက်ပင်မှာ သံတချောင်းရိုက်ပြီး ချိတ်ထားတယ်။ မနက်
လင်းတာနဲ့ကျောဘိုးအိတ်ကလေးကိုဖြုတ်ပြီး ကျွန်တော်အလုပ်သွားတယ်။ ညနေ မိုးစုန်းစုန်းချုပ်မှပြန်
တယ်။ အိမ်ပြန်ရောက်ရင် သရက်ပင်မှာ ကျောဘိုးအိတ်ချိတ်လိုက်ပြီးကွပ်ပျစ်ပေါ်မှာ လှည်းပြီး အနား
ယူတယ်။
ကျွန်တော့်အပေါ်မှာ သရက်ပင်ကလေးရဲ့ အကိုင်းအခက်တွေက ဖြာကျအုပ်မိုးထားတယ် ။
ကျွန်တော့်မျက်စိ တည့်တည့်မှာ သရက်ကိုင်းတွေ၊ သရက်ရွက်တွေရှိနေတယ်။ ဒါပေမယ့် ကျွန်တော့်
အတွေးအာရုံထဲမှာ သရက်ပင်အကြောင်းရှိမနေဘူး ငယ်ငယ်က ကျွန်တော် ရေလောင်းစိုက်ပျိုးခဲ့စဉ်
က စိတ်ကူးယဉ်ပုံဖေါ်ခဲ့ရတဲ့ အတွေးမျိုး ရှိမနေဘူး။ ဘယ်လိုအသီးမျိုး၊ ဘယ်လိုအရသာမျိုးရှိလာမှာ
လဲလို့ကျွန်တော် မတွေးမိတော့ဘူး။
ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ တွေးစရာတွေကများနေပြီလေ။ သရက်ပင်ဘယ်လိုသီးမှာလဲ
ှဆိုတာထက် အရေးကြီးတဲ့အကျောင်းတရားတွေ ကျွန်တော့်မှာရှိနေပြီ။
ကျွန်တော့်ဘဝနဲ့ ကျွန်တော့်ချစ်သူ။
သူတို့ ကျွန်တော့်ကို စိုးမိုးနေတယ်။ အမေနဲ့ညီမလေး အတွက် ကျွန်တော်ဟာ အိမ်ထောင်ဦး
စီး၊ ကျွန်တော်ဟာ အမေရဲ့ သားကြီး ၊မိသားစုအတွက် ကျွန်တော်ဟာတာဝန်သိသိ ရုန်းကန်ခဲ့ပါတယ်။
အိမ်တလုံး မပြီးခင်ကတည်းက လုပ်ခငွေတွေအားလုံး အသုံးယူပြီးသား အပိုငွေစရယ်လို့ ကျွန်တော့်
လက်ထဲမှာ ရှိမနေပါဘူး။ ဒီတော့ကျွန်တော်ဟာ တနေကုန်တနေခန်း အင်္ကျီဗလာနဲ့ ကျောပြင်မှာချွေး
တရွဲရွဲနဲ့ ရွေဘော်ထိုးနေရတဲ့ဘဝ၊ အသားချောင်းတွေကို လွှနဲ့တိုက် ဖြတ်နေရတဲ့ဘဝ။ ခါးပုံထဲသံတွေ
ထည့်ပြီး တူနဲ့တချောင်းပြီးတချောင်းရိုက်သွင်းနေရတဲ့ဘဝကနေ လွတ်အောင်ကျွန်တော်ဘယ်လိုလုပ်
ရပါ့မလဲဆိုတဲ့ အတွေးတွေသာ ရှိနေခဲ့တယ်။ ညလေ တဖြူးဖြူးအောက်မှာ စဉ်းစားတွေးတောရင်းမှေး
ကနဲအိပ်ပျော်ခဲ့ရတဲ့..ညတွေ။ ညတွေ...ညတွေ..။
အဲဒီလိုညတွေမှာသရက်ပင်ကလေးကို ကျွန်တော်မေ့လျှော့နေခဲ့မိတယ် သူ့ရဲ့သက်တမ်းဘယ်
လောက်ရှိပြီလဲဆိုတာတောင် ကျွန်တော်မမှတ်မိတော့ဘူး။
(၄)
ကျွန်တော့်ချစ်သူဟာ ကျွန်တော်နဲ့ ထက်တူဘဝမျိုးပါ။ မိခင်မုဆိုးမ။ မောင်ငယ်၊ ညီမငယ်တွေ
ကို ဈေးရောင်းကျွေးနေရတဲ့ အကြီးဆုံးသမီး။
ချစ်သူဆိုပေမယ့် ကျွန်တော်တို့ဟာ တရားဝင်ချစ်သူတွေ မဟုတ်ကြပါဘူး။ သူကကျွန်တော့်ကို
ချစ်တယ်ဆိုတာ ကျွန်တော်တို့ချင်း နားလည်ထားကြတာပါ။ မျက်လုံးတွေထဲမှာ ချစ်ကြတယ် အပြုံးတွေ
ထဲမှာချစ်ကြတယ်။ စာနာမှုတွေထဲမှာချစ်ကြတယ.်။
“မောင့်အပေါ်ဝယ်ဂုဏ်ရေမတူလို့လား”
လို့ ကျွန်တော်ဆိုစရာမရှိပါဘူး။သူနဲ့ ကျွန်တော်ဟာဘဝတူတွေပါ။ ဘဝတူချင်းချစ်ဘို့ရာမလွယ်
ကူဘူးဆိုတာကို ဘာမှစဉ်းစားတွေခေါ်နေဘို့ မလိုပါဘူး။ သူနဲ့ကျွန်တော့်ကို သာဓကထားပြီးကြည့်လို့ရ
ပါတယ်။ သူနဲ့ကျွန်တော်တရပ်ကွပ်တည်း သားတွေမို့ သူ့အိမ်ကို ကျွန်တော်သွား။ ကိုယ့်အိမ်ကိုသူလာ
လက်ဖက်ရည်တခွက်ကို နှစ်ယောက်မျှသောက်ရင်း ဘဝအကြောင်း မိသားစုအကြောင်းတွေပြောပြီး
ပြန်ကြတာပါပဲ။ ချစ်စကား မကြတကြရယ်လို့ တခွန်းမှမပြောဖြစ်ကြပါဘူး။
ဒါပေမယ့် ကျွန်တော့်ရဲ့ကွပ်ပျစ်ပေါ်ကညချမ်း စိတ်ကူးတွေကိုသူပိုင်ဆိုင်ပါတယ်။ ကျွန်တော့်
စိတ်ကူးတွေထဲမှာ သူ့ကိုအကြိမ်ကြိမ် ချစ်စကားဆိုခဲ့ပြီး သူ့ပါးပြင်နဲ့ ဆံနွယ်ကလေးတွေကို အကြိမ်
ကြိမ်နမ်းရှိုက်ခဲ့ပါတယ်။ တမျော်တခေါ်ကြီးစိတ်ကူးတွေယဉ်ပြီးရင်တော့ ကျွန်တော်မှာ သက်ပျင်းကို
သာဟင်းကနဲ ချလိုက်ရပါတယ်။
ကဲ...အဲဒီလိုညမျိုးတွေမှာ သရက်ပင်ကလေးကို ကျွန်တော့်မျက်စိရှေ့မှာတင် မေ့လျှော့နေခဲ့
မိတာမဆန်းဘူးလား။ အဲဒီထက်ဆန်းဒါကတော့ သိပ်ချစ်ကြတဲ့ သူနဲ့ကျွန်တော့်အချစ်ရဲ့ရှေ့မှာပဲ အ
ချစ်တွေကိုစွန့်ခွာပြေးထွက်ခဲ့ကြရတာပါပဲ။ သူ့တွက် ငွေစုတော့မယ်လို့ဟန်ပြင်ဆဲမှာပဲ ကျွန်တော့်ရဲ့
မျော်လင့်ချက်တွေတစစီကျိုးကြေသွားခဲ့ရတယ်။ ဟော်ဒီသရက်ပင်ကလေး အောက်မှာပဲ ကျွန်တော်
ကြေကွဲခဲ့ရတယ်။
“ကျွန်မ လက်ထက်တော့မယ်အကို”
အဲဒီစကားတခွန်းနဲ့တင်ပဲ ကျွန်တော်သူ့ကို လက်လွတ်ဆုံးရှုံးသွားခဲ့ရပါတယ်။ ကျွန်တော်ဘာ
ပြောနိုင်မှာလဲ၊ သူဟာဘဝရဲ့ အတိမ်အနက်ကိုသိသူ။လောကကြီးကိုကောင်းစွာသဘောပေါက်သူ ရုန်း
ကန်လှုပ်ရှုားနေရတဲ့ လူတွေရဲ့ ထွက်သက်ဝင်သက်ကို ခန့်မှန်းတတ်သူပါ။ ငြိမ်သက်အေးစက်သွားတဲ့
ကျွန်တော့်ကိုကြည့်ပြီး သူငိုပါတယ်။ တသိမ့်သိမ့်ရှိုက်နေတဲ့ သူ့ကိုယ်လုံးလေးရဲ့ တုန်ခါနှုန်းနဲ့အညီ
ကျွန်တော့်ကွပ်ပျစ် ဝါးကြမ်းကလေးဟာခါဆတ်နေပါတယ်။
ကျွန်တော်ဘာဆက်လုပ်ရမလဲ သူ့ကိုချစ်တဲ့အကြောင်းပြောလိုက်ရမလား။ သူငိုနေတာကိုချော့
ရမလား။ ကျွန်တော့်ကိုစောင့်ပါအုံးလို့ပြောရမလား ။ဒါပေမယ့် ကျွန်တော့်ရင်ထဲကအချစ်သစ်ပင်ကလေး
ဟာပွင့်လန်းမလာခဲ့ပါဘူး။
“ကျွန်မကို နားလည်ပါအကိုရယ်တဲ့”
ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်တို့ရပ်နေတဲ့နေရာတွေဟာ အဖေ့ စကားလို ကျွန်တော်
တို့ ရွေးချယ်နိုင်ခဲ့ကြတာမှမဟုတ်ဘဲ။ သူပြန်သွားတော့ကျွန်တော် ငိုနေမိတယ်။ ကျွန်တော့်မျက်လုံးအိမ်
ထဲကမျက်ရေတွေကို ဖိညှစ်ချရင်း။ ကွပ်ပျစ်ကလေးပေါ်မှာ ခွေလှဲချလိုက်တယ်။
“အို”
ကျွန်တော်အံ့သြလိုက်တာ ။မယုံကြည်လှစွာမျက်လုံးကို အခါခါပွတ်သက်ကြည့်မိတယ်။သေချာ
ပါတယ် ကျွန်တော့်သရက်ပင်ကလေး ဖူးနေပြီဆိုတာ....။
(၅)
အဲ့ဒီအချိန်ကစပြီး သရက်ပင်ကလေးကို ကျွန်တော်ဂရုတစိုက် ရှိလာမိပြန်တယ် ကျွန်တော့်ဘ
ဝမှာ ဆုံးရှုံးခဲ့ရတာတွေ များလှပြီ။ ဒီသရက်ပင်ကလေးကိုတော့ကျွန်တော် မဆုံးရှုံးချင်တော့ဘူး။ သရက်
ပင်ကလေးအသီးလေးတွေ သီးလာတော့မှာ မဟုတ်လား။ ဒါကိုကျွန်တော်မေ့လျှော့နေ မသင့်တော့ဘူး
လေ..။
အလုပ်သွားတိုင်း သရက်ဖူးလေးတွေကို မော့ကြည့်ပြီး အလုပ်ပြန်လာတိုင်းသရက်ပွင့်လေးတွေ
ကို ကျွန်တော်တွေ့နေရတယ်။ ဟော်ဒီသရက်ပင်ကလေးနဲ့ပဲ ကျွန်တော့်ရဲ့ဆုံးရှုံးမှုဝေဒနာကို ကြိုးစားလို့ကု
ခဲ့ရတယ်။
အခုတော့ သရက်ကင်းလေးတွေက စီရရီ ခိုတွဲလို့နေပြီ။ သရက်ပင်ကလေးအောက်မှာ ငြိမ်သက်
စွာထိုင်ရင်း ငယ်ငယ်တုန်းကစိတ်ကူးယဉ်သလိုမျိုးတွေ ကျွန်တော် စိတ်ကူးယဉ်မိ ပြန်ပြီလေ။ သရက်သီး
လေးတွေရင့်လာ မှည့်ဝင်းလာ....ပြီးတော့...ချိုလိုက်တာ။
ဒါကျွန်တော့်ရဲ့ စိတ်ကူးယဉ်မှု သက်သက်တွေလား။လက်တွေ့ဘဝမှာရော စိတ်ကူးထဲကအတိုင်း
သရက်သီးကလေးတွေ ရင့်လာ မှည့်လာ ချိုလာမှာလား။တွေးရင်း ငေးမောရင်း ကျွန်တော်သာလျှင် မွန်း
ကြပ်...မောဟိုက်...။
သားရယ်ဘယ်လို အခြေအနေဘဲရောက်ရောက် အမေတို့ အတွက်ကိစ္စမရှိ ပါဘူးလေ။အမေက
ဆီဒယ်အိုးတလုံးရှိပြီး ၊သားကကျောဘိုးအိတ်တလုံးလွယ်နိုင်ရင် ပြီးရောမဟုတ်လား၊စိတ်မပျက်ပါနဲ့သား
ရယ်။
ကျွန်တော်စိတ်မပျက်ပါဘူး စိတ်မကောင်းတာပါ ။ငယ်စဉ်က ကျွန်တော်စိတ်ကူးယဉ်ခဲ့ပြီး မေ့
လျှော့နေမိခဲ့တဲ့သရက်ပင်ကလေး အကောင်အထည်ပေါ်လုဆဲ ... အရာသာကိုသိလုဆဲမှာ.....။“သင်္ခါရ”
ဆိုတဲ့ တရားသာ ကျွန်တော်တို့လောကမှာ မရှိခဲ့ရင် ဟော်ဒီ သရက်ပင်ကလေးနဲ့တင် ကျွန်တော်ရှုးသွပ်
သွားနိုင်ပါတယ်။
သူ့ကို ကျွန်တော်ထားခဲ့ရတော့မယ် ။ကျွန်တော်တို့နေရာပြောင်းရွေ့ကျရတော့မယ်။ ကျွန်တော်
မျော်မှန်း တမ်းတစိတ်ကူးယဉ်ခဲ့ရတဲ့ သရက်သီးကလေးတွေ ခူးယူသွားမလား၊ဒီအတိုင်းထားခဲ့ရမလား
ကျွန်တော် စဉ်းစားရင်းအိပ်မော ကျသွားတယ် ထင်ပါရဲ့။
အိမ်မက်တွေ ကဆူဝေလို့နေတယ်။အိမ်မက်ထဲမှာ သစ်ပင်စိုက်ဖို့ တိုက်တွန်းခဲ့တဲ့ ဆရာမရဲ့စကား
တွေလည်းပါရဲ့၊အဖေ့ရဲ့ ကိုရပ်တည်ရမည့် ကိုရွေးချယ်နိုင်ရမယ်ဆိုတာလည်း ပါရဲ့၊ကျွန်တော် ချစ်သူရဲ့ မျက်
ရေတွေလည်းပါရဲ့...၊သရက်ကင်းကလေးတွေလည်းပါရဲ့...။
ကျွန်တော်ဖျက်ကနဲ အသိဝင်လာချိန်မှာ သရက်သီးတလုံးမှ မရှိတော့ဘူး။အသီးတန်မဲ့ ညှာတန်တွေ
ဟာ ငေါင်ဆင်းဆင်းတွဲလောင်းကျနေတာ ကျွန်တော်တွေ့လိုက်ရတယ် ။ အံ့သြစရာကောင်းလိုက်တာ ။
မျက်စိတမှိတ် အတွင်းမှာ သရက်ကင်းကလေးတွေကို ခြွေချသွားတဲ့ လေပြင်းမုန်တိုင်းဒဏ်က ရိုင်းစိုင်းလှ
ချည်လား..။
သရက်ပင်မှာ စိုက်နေတဲ့ သံချောင်းကလေးကို ငေးစိုက်ကြည့်ရင်း။ ကျွန်တော်ကိုယ်တိုင် မရွေးချယ်လိုက်
ရတဲ့ နေရာသစ်မှာ သစ်ပင်တပင်ကို ကျွန်တော်စိုက်ပျိုးနိုင်ပါဦးလား ။
ဆရာမ ခင်ခင်ထူး
ချယ်ရီမဂ္ဂဇင်း၊၁၉၉၉ခုနှစ်၊ဧပြီလ
Labels:
ဝထ္တုတို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment