Wednesday, 21 November 2012
အပြောင်းအလဲ...မောင်စိန်ဝင်း(ပုတီးကုန်း)
နှစ်ဦးတူယှဉ် ဒီအပင်အောက်
ပန်းကြွေကောက်စဉ် ရင်တထိတ်ထိတ်
ဒီအရိပ်မှာ ချစ်စိတ်ဝေခဲ့ဖူးပါတယ်။
သစ်မြစ်ဆုံခွ ယှဉ်ထိုင်ကြရင်း
မြချောင်းရေကြော ပန်းကြွေမျှောမိ
ကြည့်ရင်းကြည်နူး ချောင်းနဖူးမှာ
စိတ်ကူးနုသစ်ခဲ့ဖူးတယ်။
ခင်ကပစ်တော့
ဒီသစ်ပင်အောက် ပန်းမကောက်ချင်
နွမ်းခြောက်သွေ့ဆိတ် ဒီအရိပ်မှာ
လွမ်းစိတ်ရာထောင် ဝေဖူးတယ်။
ခင်မကြင်တော့
ညင်ညင်ရေစီး တမ်းတညည်းဟန်
ခင့်ရီသံလား ဝိုးဝါးထင်မိ
ကြည့်လေရာရာ ဝေဒနာနှင့်
ရေပြာအလှ ကင်းဖူးတယ်။
သြော်...နှစ်တွေကြာလို့
တခါတခေါက် ဒီကိုရောက်လျှင်
ဒို့ငယ်စဉ်က နှောင်မျှင်တွယ်ရစ်
အချစ်အလွမ်း ဖမ်းစားညှို့ငင်
ဒီသစ်ပင်ကား ချောင်းရေစား၍
ကမ်းပါးပြို နောက် ပါလေပြီ ။
ဒီကပြန်လျှင် ရင်မခုန်တတ်
မလွမ်းတတ်တော့ စိတ်ဓာတ်ရင့်ကျက်
ခံစားချက်တို့ ပျက်ပြယ်ခဲ့ရ
အနည်ကျပြီ...
ဘဝဆိုတာ....ဒါပဲခင် ။
.မောင်စိန်ဝင်း(ပုတီးကုန်း)
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment